Pages

Wednesday, September 1, 2010

ဖတ်လိုက်မိတဲ့ ခေါင်းစဉ်တပုဒ်

စာတွေ အရေးကျဲသွားတာ စာဖတ်သူအားလုံးနဲ့ ညီအစ်ကို မောင်နှမတွေကို ပထမဆုံး တောင်းပန်ပါရစေ...
ကိုနေသစ်ပြောသလို မင်္ဂလာရှိသွားလို့ မရေးဖြစ်တာ မဟုတ်ပါဘူး၊ ရေးဖို့ စိတ်ထဲရှိပြီး မရေးနိုင်ခဲ့တာပါ...
ဟိုတရက်က Snap Shot ဂျာနယ် တစ်စောင် ၀ယ်ဖတ်ရင်း ဖတ်လိုက်မိတဲ့ ခေါင်းစဉ်လေးကတော့ "သူခိုးလူပြန်ဟစ်သည့် ဖြစ်ရပ်များ ခေတ်စားနေ" ဆိုတဲ့ ခေါင်းစဉ်လေးကို သတိထားမိလိုက်တယ်... အဲ့ခေါင်းစဉ်ကို ဖတ်ရင်း ညီအစ်ကိုမောင်နှမတွေ စာဖတ်သူတွေကို မျှဝေပေးချင်တဲ့စိတ် ဖြစ်ပေါ်မိလို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ... Snap Shot ဂျာနယ်မှာ ပါတဲ့အတိုင်း ပြန်ဖောက်သည်ချပေးရရင်ဖြင့်...

ယခုတလော သူခိုးလူပြန်ဟစ်သည့်ဖြစ်ရပ်များ လူလိမ်လောကမှာ Hot ဖြစ်နေပါတယ်။ လူလိမ်တွေဟာ များသောအားဖြင့် အမျိုးသမီးများ ဖြစ်နေတတ်ပြီး အလိမ်ခံရသူတွေဟာ လူငယ်၊ လူလတ်ပိုင်းအမျိုးသား အများစုဖြစ်နေ ပြန်ပါတယ်။
လိမ်ပုံလိမ်နည်းလေးကတော့ ပိုက်ဆံအိတ်ခပ်ဖောင်းဖာင်းကို ကိုင်လာတာပဲဖြစ်ဖြစ် ခါးကြားထိုးလာတာပဲဖြစ်ဖြစ် ပိုက်ဆံအိတ်ပါလာတဲ့ အမျိုးသားဆီကို လိမ်မည့် အမျိုးသမီးက ကပ်သွားပြီး ပိုက်ဆံအိတ်ကို လုလိုက်ပြီး ပါးစပ်မှလည်း "ဟင် ဒါဘာလုပ်တာလဲ ကျွန်မပိုက်ဆံအိတ်ကို လွှတ်စမ်း"ဆိုပြီး အော်ပါသေးတယ်။ အဲ့ဒီအော်သံပေးလိုက်တာနဲ့ လူလိမ် အမျိုးသမီးနဲ့ အပေါင်းအပါတွေက ၀ိုင်းလာပါတော့တယ်။ ပိုက်ဆံအိတ်ပိုင်ရှင် အမျိုးသားလည်း ကိုယ့်ပစ္စည်းအမှန်ဖြစ်ပါလျက်နဲ့ ကြောင်အ အဖြစ် အီး အီး အဲ အဲဖြစ်နေတုန်း ထိုအမျိုးသမီးက ပိုက်ဆံအိတ်ယူပြီး လစ်သွားပါပြီ။ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက
"အဲဒီ့နေ့က လခထုတ်ရက်ဆိုတော့ ကျွန်တော့ပိုက်ဆံအိတ်ထဲမှာ လေးသောင်းခွဲလောက်ပါပါတယ်။ ပိုက်ဆံအိတ်ကို ဘောင်းဘီနောက် အိတ်ထဲထည့်ထားမိတယ်။ ဆူးလေပွိုင့်နားရောက်တော့ အသက်(၃၀)၀န်းကျင်လောက် အမျိုးသမီးတစ်ယောက် ကျွန်တော့ ပိုက်ဆံအိတ်ကို ဆွဲယူလိုက်တယ်ဗျ။ ကျွန်တော်ပြန်လုတော့ သူက "ရှင်ဘာလုပ်တာလဲ ကျွန်မပိုက်ဆံအိတ်ကို လွှတ်စမ်း"လို့ အသံအကျယ်ကြီးနဲက အော်တော့ ကျွန်တော့ဘေးကို မိုက်ကန်းကန်းရုပ်နဲ့ လူတွေ ၀ိုင်းလာတယ်ဗျ။ ကျွန်တော်လည်း ကြောင်ပြီးပိုက်ဆံအိတ်ကို လွှတ်ပေးလိုက်မိတယ်။ ဘေးကလူတွေက မင်းဘာလဲညာလဲနဲ့ ၀ိုင်းဟောက်နေတုန်း အဲဒီ့မိန်းမလည်း ပိုက်ဆံအိတ်ယူပြီး လစ်သွားရော။ လုပ်စားနေကြတာဗျ။ အတော်ကြောက်ဖို့ကောင်းတယ်"လို့ ကြိတ်မနိုင် ခဲမရဖြစ်နေပုံနဲ့ ပြောပြခဲ့ပါတယ်။
ဒီအဖြစ်လေးကို နမူနာယူပြီး ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝိုင်းရိုက် မခံရစေဖို့ ရှိုးပြတာလည်း ကြည့်ပြပေါ့။ ပိုက်ဆံကိုလည်း လုံလုံခြုံခြုံသိမ်းထုပ်ပြီး အန္တရာယ်ကို ကာကွယ်ကြစေချင်ပါတယ်။   ( TT)

ဒီဆောင်းပါးကို ဖတ်ပြီးသူလည်း ရှိကြလိမ့်မယ်လို့ ထင်ပါတယ်... မဖတ်ရသေးတဲ့သူတွေအတွက် သတိနဲ့သွားလာနိုင်ဖို့ ဒီပို့စ်လေးကို ပြန်လည်ဖော်ပြခြင်းသာ ဖြစ်ပါတယ်... ကိုယ့်ခွန်ကိုယ့်အားနဲ့ ပင်ပင်ပန်းပန်းလုပ်ထားလို့ရခဲ့ လုပ်အားခကို အချောင်လိုချင်တဲ သူတွေ လက်ထဲမပါကြပါစေနဲ့လို့ ဆုတောင်းလျက်

ကျန်းမာရွှင်လန်းကြပါစေ
မီးလေး

Friday, June 4, 2010

ဘ၀သစ်ပြင်ဆင်မှုအတွက် အမှတ်တရနေ့လေးများ

ကိုယ်တိုင် မင်္ဂလာပွဲလုပ်မှပဲ မင်္ဂလာပွဲဖြစ်မြောက်ဖို့(အချိန်ပိုင်း ၂နာရီ)အတွက်
ဘယ်လောက်ထိ ပင်ပန်းရတယ်ဆိုတာ သိလာရပါတယ်... လူပင်ပန်းတယ် ဆိုတာထက်
စိတ်ပင်ပန်းတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်... မင်္ဂလာပွဲနီးလာလေ လုပ်စရာတွေလည်း
များလာလေပါပဲ... ဘယ်လောက်ပဲ ကြိုတင် ပြင်ဆင်ထားခဲ့ပေမဲ့ အဆင်ပြေပါ့မလား ဆိုတဲ့
စိုးရိမ်စိတ်ကလည်း ပျော်ရွှင်မှုနဲ့အတူ ဒွန်တွဲလို့ ပါလာခဲ့ပါတယ်... သတို့သား၊
သတို့သမီး ၀တ်စုံကိုတော့ သင်္ကြန်မတိုင်ခင် ကတည်းက ရွေးထားပြီးသားဖို့
အဲ့အလုပ်တော့ မရှိတော့ပေမဲ့ လက်ဖွဲ့ပြန်ကမ်းဖို့အတွက် စိတ်သောက
များရပါသေးတယ်... (ပြန်ကမ်းတဲ့ လက်ဆောင်အတွက် လူပန်း စိတ်ပန်းခံပြီး
ကူညီပေးခဲ့တဲ့ ဘလော့ဂါ အစ်ကိုတော် Breeze နှင့် မီးလေး လောသမျှကို
စိတ်ညစ်ခံပြီး အချိန်ပေးပြီး ပစ္စည်းမှာတာက အစ ပစ္စည်းပို့ပေးတဲ့အထိ
အပင်ပန်းခံပြီး ကူညီပေးခဲ့တဲ့ မမ မမီးလေးဇာကိုလည်း ကျေးဇူးတင်မိပါတယ်... )

ဒီပို့စ်လေးက မီးလေးတို့ ဇနီးမောင်နှံအတွက် ဘ၀သစ်အတွက် ကြိုတင်ပြင်ဆင်မှု
မှတ်တမ်းလေး တပုဒ်မျှသာ ဖြစ်ပါတယ်... သည်းခံပြီးဖတ်ပေးတဲ့
စာဖတ်မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်... မီးလေးတို့ နှစ်ယောက်
စိတ်တူကိုယ်တူ တိုင်ပင်ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့လို့ ဘာပြနာရယ်လို့ တစုံတရာ
မရှိခဲ့ပါဘူး... စိတ်သဘောထားခြင်း မတိုက်ဆိုင်တာလေးတွေတော့ ရှိတာပေါ့လေ...
အဲ့လိုအခါမျိုးကျရင် "ကို" က မီးလေးကို ဖြစ်သင့်တယ်ဆိုရင်
လိုက်လျောပေးခဲ့တာများပါတယ်... မဖြစ်သင့်ခဲ့ရင် မီးလေး ဒါလေးကတော့ ဒီလိုရှိတယ်၊
ဒီလိုဖြစ်သင့်တယ်လို့ စိတ်ရှည်ပေးခဲ့တဲ့ "ကို"ကြောင့်လည်း ပါတာပေါ့လေ...

မီးလေးတို့ ဘ၀သစ်အတွက် ပြင်ဆင်မှုက ကိုယ်တိုင်လုပ်ရတာတွေ များပါတယ်...
ခန်းဝင်ပစ္စည်းနဲ့ အချို့ကိစ္စအတွက်တော့ အိမ်က ၀ိုင်းလုပ်ပေးကြပါတယ်... ဒါပေမဲ့
ကိုယ်လျှောက်ရတော့မယ့် ဘ၀ခရီးလမ်းအတွက် ကိုယ်တိုင်ပြင်ဆင်ရတာကို ကြိုက်တဲ့
မီးလေးတို့အတွက် လွတ်လပ်စွာ ဆောက်တည်ခွင့် ရခဲ့ပါတယ်...

အိပ်ယာအခမ်းအနားအတွက် အိမ်ကစီစဉ်ပေးထားပေမဲ့ စောင်ကို ကြိုက်တာစီစဉ်ဖို့
ပြောလို့ နာမည်ကြီး ကုန်တိုက် တစ်ခုကိုရောက်ခဲ့ပါတယ်... Super Oneမှာ စောင်တွေ
အစုံရတတ်တာမို့ ကျိုက္ကဆံ Super One ကို ရောက်ခဲ့ကြပါတယ်... မီးလေးတို့
စောင်တွေကြည့်တော့ စောင်ကို အောက်ဆုံးအကန့်မှာ ထားတာမို့ အရောင်ရွေးချင်တော့
ဆောင့်ကြောင့်ထိုင်ပြီး ရွေးရပါတယ်... မီးလေး အမျိုးသားထိုင်တော့ ဘေးမှာ
ဝန်ထမ်းတယောက် လာရပ်နေပါတယ်... သူရပ်နေပုံက နောက်က စင်တွေကို မှီပြီး ရပ်နေတာ
အတော်ပင်ပန်းနေပုံပါပဲ... ၀တ်ထားတော့ စကပ်အတို မီးလေး
အမျိုးသားခေါင်းမော့လိုက်ရင် xxxxxxxx (မပြောတော့ဘူးနော်... :D)

လိုချင်တဲ့ စောင်က အရောင်က ဆင်တူမရှိတော့ တခြား Super One တွေမှာကော
ဒီလိုစောင်တွေ ရှိသေးလားလို့ မေးတော့ သွားကြည့်လိုက်လို့ ပြန်ဖြေပါတယ်...
မေးမိတဲ့ မီးလေးရဲ့ အမှားတွေပါပဲ လျှာရှည်ပြီး သွားမေးတာကို ဒါလေးများ
မသိဘူးလား... အရောင်ရွေးတာများလွန်းလို့ တူပါတယ် သူတို့လဲ စိတ်ရှည်ပုံမရဘူး
မျက်နှာတွေက စူပုပ်နေပြီ သူတို့ကို မင်္ဂလာဆောင် အိပ်ယာအခမ်းအနား ပြင်မှာမို့
အရောင်ရွေးရတာပါလို့ စကားပလ္လင်ခံပါသော်ငြား ဒီစောင်ကောင်တာပို့ပေးပါလဲ
ပြောလိုက်ရော လက်ထဲက စောင်ကို စောင့်ပြီးဆွဲယူသွားတယ်... သြော်...
ကောင်းလိုက်တဲ့ ဆားပျစ်(ဆားဗစ်လို့ ပြောရမှာ အားနာလို့ :P) ... မီးလေးကလည်း
အမှတ်မရှိ ဖက်လုံး ဘယ်မှာထားလဲ လှမ်းမေးလိုက်သေးတယ်... သူကတော့ ဖုတ်လေတဲ့ ငါးပိ
ရှိတယ်လို့ မထင် တချက်ကလေးတောင် လှည့်မကြည့်သွားဘူး... ဒါနဲ့ နီးစပ်ရာမှာ
ဝန်ထမ်းတယောက်တလေများ ရှိမလားရှာတော့ ခုနက ပင်ပန်းနေတဲ့ မမနဲ့ တိုးလေရဲ့...
ဒါပေမဲ့ ကောင်တာ လိုက်ပြလို့ ဖက်လုံးယူပြီး ငွေရှင်းမယ်ဆိုပြီး ကောင်တာလာတော့
စောင်ကို မတွေ့ဘူး... ကောင်တာက မမတွေက ဟိုဘက်ကောင်တာမှာ ရှိမယ် ထင်တယ်တဲ့...

ဟိုဘက်ကောင်တာရောက်တော့ တွေ့ပါပြီ ပန်းရောင် သားဘက်စောင်လေး နှစ်ထည် အခန့်သား
ကောင်တာ ခုံလေးမှာ ထိုင်လို့ ရှင်းမယ်လို့ ပြောတယ်... reply ပြန်မလာ ...
နောက်တခါ ရှင်းမယ်လို့ ပြောပြန်တော့လဲ မလှုပ်... သူတို့ဘာသာ ကွန်ပျူတာနဲ့
အလုပ်ရှုပ်နေလေရဲ့... အတော်လေး ကြာတော့ အမျိုးသားက စိတ်တိုလာပါပြီ ရှင်းမယ်လို့
အသံကျယ်ကျယ်နဲ့ ထအော်ပါတယ်... အဲ့တော့မှာ ကဗျာကရာနဲ့
ဘာလုပ်ရမှန်းမသိလုပ်နေတယ်... ဒီကောင်တာမှာ ရှင်းလို့ မရဘူးလားလို့ မေးတော့မှ
အင်းတဲ့ ဟိုဘက်ကောင်တာမှာ ရှင်းပါတယ်... ဒီပစ္စည်းတွေ ယူသွားရမှာလားဆိုတော့
အင်းတဲ့... အမျိုးသားလဲ စိတ်တိုပြီး မယူဘူး ဟိုဘက်ကောင်တာ လာပို့
ဆားဗစ်အရမ်းညံ့တယ်လို့ ပြောပြီး ဟိုဘက်ကောင်တာ ရောက်လာခဲ့ပါတယ်...

ကောင်တာက လူတွေကလည်း စိတ်တိုနေမှန်းသိတော့ ငြိမ်ကုတ်နေတာပဲ... တာဝန်ကျ မန်နေဂျာ
နာမည်ဘယ်သူလဲ မေးတော့ တယောက်မှ ပြန်မဖြေတဲ့အပြင် မသိချင်ယောင်တောင်
ဆောင်နေကြပါတယ်... အဲ့တော့ စိတ်တိုတဲ့သူက ပိုဆိုးလာတာပေါ့... မီးလေးကတော့
အလိုက်သင့် အေးအေးဆေးဆေးပဲ တာဝန်ကျ မန်နေဂျာနဲ့ တွေ့ချင်တယ်လို့ ပြောတော့
ဘာကိစ္စရှိလို့လဲတဲ့... ကျွန်မတို့ Complaint ပြောချင်လို့ပါလို့လဲ ပြောရော
မသိချင်ယောင်ဆောင်ပြီး ဆက်မပြောတော့ဘူး... အဲ့တော့ နေရင်းထိုင်ရင်း မီးလေးပါ
ဒေါသထွက်လာတာပေါ့... ခုနက ကောင်တာက ၀န်ထမ်းကို နာမည်သွားမေးတယ်...
သူဘာဖြစ်လို့လဲတဲ့ သူကုန်ပစ္စည်းစတော့တွေလုပ်နေလို့ မသိလိုက်တာပါတဲ့...
မသိရအောင် စောင်ထားတာ အတော်ကြာနေပြီ သူ့ကောင်တာမှာ ရှင်းလို့ မရသေးရင် အစတည်းက
လက်မခံထားနဲ့လေ... သူတို့ အချိန်ကျ ပြန်နိုင်ဖို့အတွက် ပြန်ချင်ဇောနဲ့ ဘေးက
Customerတွေကို ဂရုမစိုက်တာ အလွန်တရာ အကျဉ်းတန်လှပါတယ်...

ဒါကြောင့် လူအများစုက City Mart, Ocean, Capital, East Point, North
Pointတွေမှာ ကြိတ်ကြိတ်တိုးနေကြတာပေါ့.... Super One က ၀န်ထမ်းအများစု
ဆက်ဆံရေးက တခြား စူပါစင်တာတွေထက် ဆက်ဆံရေးညံ့ပါတယ်... ကိုယ့်ပိုက်ဆံနဲ့
ကိုယ်ဝယ်တာတောင် မျက်နှာတွေက အမြဲ ဆူပုတ်နေတာပဲ... သိသိနဲ့ သွားဝယ်တဲ့
မီးလေးတို့ရဲ့ အမှားပါပဲ... ပြောနေရင် ပြီးမှာကို မဟုတ်တော့ပါဘူး...
အခန့်သင့်စွာ အောက်ထပ်မှာ တာဝန်ခံနဲ့ တွေ့လို့ အကျိုးအကြောင်းပြောပြီး
Complaint တင်ခဲ့ပါတယ်... တိုင်ချင်လို့ မဟုတ်ပါဘူး သူတို့လိုအပ်ချက်တွေ
သိစေချင်လို့ ပြောချင်တာပါ... တိုင်ချင်ရင် သူတို့ Boss အန်တီစန်းနဲ့ မီးလေး
အမျိုးသား ရင်းနှီးပါတယ်... တိုင်လို့ရတယ် ဒါပေမဲ့ တိုင်လိုက်တိုင်းမပြီးပါဘူး
သူတို့လိုအပ်ချက်ကို သိမှ ပြင်ဖို့ အချိန်မှီမှာလေ... အဲ့ဒါပြောတာနဲ့
ဆိုလိုရင်းတောင် ပျောက်တော့မယ်... :P (လေနဲနဲရှည်သွားပြီ ဆက်ဦးမှ) မီးလေး
အမျိုးသားက တအားစိတ်တိုနေပြီ အသားတွေ ဆတ်ဆတ်တုန်နေတယ်...
ဂိုက်...ဂိုက်..ဂိုက်...ဂိုက် (မေးရိုက်သံ ;)...) (သူတို့ ပြောဆိုပုံ
မျက်နှာအနေအထားက ကိုယ်တိုင်ကြုံတဲ့သူတွေ သိမှာပါ...)


ကို မီးလေးရှင်းလိုက်မယ် တခြားနေရာသွားနေလို့ ပြောလိုက်တော့ နေနေ ကို့ဘာသာ
ရှင်းမယ်လို့ ပြောပြီး ကောင်တာမှာ ငွေရှင်းမယ်ဆိုပြီး အိတ်ထဲက ကတ်တကတ်
ထုပ်ပေးလိုက်ပါတယ်... မီးလေး မျက်လုံးလည်း ပေးလိုက်တဲ့ ကတ်ပေါ်မှာ မျက်လုံးအိမ်
ပြူးကျယ်သွားတယ်... ရောက်နေတာက Super One ပေးလိုက်တဲ့ ကတ်က စိန်ဂေဟာ ကတ်
မီးလေးက တခွန်းတော့ ပြောလိုက်ပါတယ်... စကားက အပြည့်အစုံမထွက် ကို ကတ်
ကတ်လို့... သူကလဲ မီးလေးကို ပေးထားလိုက်ပြီလို့ ပြန်ပြောတယ်... ကောင်တာက
ဝန်ထမ်းတွေကလည်း မဟုတ်တဲ့ကတ်ကို ဘာလုပ်ဖို့ရယ် မသိ ယူထားလိုက်တယ်...
စလစ်ထွက်လာတော့မှ စလစ်နဲ့အတူ ကတ်တွေသုံးလို့ မရတော့ဘူးဆိုပြီး ပြန်ပေးတယ်...
Super One ကတ်တွေ ပေးမသုံးတာ ကြာပြီလို့တော့ သိထားပါတယ်... ဒါပေမဲ့ စိန်ဂေဟာ
ကတ်ကြီးလေ သူတို့လည်း မွန်ထူပြီး သေချာ မကြည့်မိတာ ထင်ပါရဲ့ ... ငွေရှင်းဖို့
စောင့်နေတယ်သူတွေကလည်း မီးလေးတို့ကိုပဲ ၀ိုင်းကြည့်နေကြတယ်...

မီးလေး အမျိုးသားက သူတို့လက်ထဲ ရောက်မှ စိန်ဂေဟာကတ်မှန်း သိလိုက်တာလို့ နောက်မှ
ပြန်ပြောပြပါတယ်... ဒါပေမဲ့ သူတို့ ယူထားတော့ ဘာဆက်လုပ်မလဲ စောင့်ကြည့်
နေတာတဲ့လေ... သူတို့ကလည်း အယောင်ယောင် အမှားမှားနဲ့ ကတ်တွေ သုံးလို့ မရတော့ဘူး
ပြောတယ် ကဲ...ကြည့်!!!

နွေးထွေးလုံခြုံတဲ့ ဘ၀ကို ပိုင်ဆိုင်ခွင့်ရတော့မှာမို့ ၀မ်းသာကြည်နူးမိပါတယ်...
ကားပေါ် ရောက်တော့မှ စိတ်တိုနေတဲ့ ကို ဒေါသထွက်ပြီး ကတ်မှားပေးလိုက်တဲ့ အဖြစ်ကို
ရီနိုင်ပါတော့တယ်... ခုချိန်ထိလည်း Super Oneမှာ စိန်ဂေဟာကတ်နဲ့ သုံးမလားလို့
နောက်ရင် အမြဲတမ်း အမှတ်တရနဲ့ ပြုံးနိုင်တဲ့ အမှတ်တရနေ့လေး တနေ့ဖြစ်ခဲ့ပါတယ်...


ကျန်းမာပျော်ရွှင်ကြပါစေ

မီးလေး

Monday, April 19, 2010

မေ့မရတဲ့ ၂၀၁၀ သင်္ကြန်

သင်္ကြန်အကြိုနေ့ (၁၃.၄.၂၀၁၀)
ဒီနှစ် သင်္ကြန်ကို မင်္ဂလာဆောင်လဲ နီးပြီမို့ နေလောင်မှာစိုးပြီး ဘယ်မှ မသွားဘူး စီစဉ်ဖြစ်ခဲ့ပေမဲ့ ကမ္ဘာအေးဘုရားလမ်းက မဏ္ဍပ်တခုမှာ သူနဲ့အတူထိုင်ဖြစ်ခဲ့ပါတယ်... ဒီနှစ် အင်ယားလမ်းမှာ မဏ္ဍပ်ပေးမဆောက်တာကြောင့် ကန်တော်ကြီး၊ ပြည်လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းတွေမှာသာ မဏ္ဍပ်တွေရှိပြီး ကန်တော်ကြီးမှာတော့ မဏ္ဍပ်အများဆုံးရှိပြီး ကမ္ဘာအေးဘုရားလမ်းမှာ အနည်းဆုံးဖြစ်ပါတယ်... အကြိုနေ့ မနက်ပိုင်းမှာတော့ ရေပက်ခံ ကားတွေ နည်းပေမဲ့ ရေပက်တဲ့ သူတွေတော့ မဏ္ဍပ်မှာ များနေခဲ့ပါတယ်... ညနေပိုင်း လောက်မှာ မဏ္ဍပ်ဖွင့်ပွဲလုပ်ပါတယ်... ညနေပိုင်းမှာတော့ ကမ္ဘာအေးဘုရားလမ်းက ၆လမ်း သွားဖြစ်ပေမဲ့ ကားတွေ ပြည့်ကြပ်နေခဲ့ပါတယ်... လူငယ်တွေလည်း လူငယ်တွေအလျောက် ပျော်ရွှင်နေကြသလို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေမှာလဲ ဥပုသ်သီတင်း စောင့်သူတွေနဲ့ စည်ကားလျက်ရှိပါတယ်... ဒီလိုနဲ့ သင်္ကြန်အကြိုနေ့လေး ကုန်ဆုံးခဲ့ပါတယ်...

သင်္ကြန်အကျနေ့ (၁၄.၄.၂၀၁၀)
ဒီနေ့ သင်္ကြန်အကျနေ့မှာ မဏ္ဍပ်ကို မနက်၈နာရီလောက် ရောက်သွားခဲ့ပါတယ်... သင်္ကြန်သာ ရောက်ခဲ့ပေမဲ့ မိုးပြေးရောက်မလာတာကြောင့် ပိတောက်တွေလဲ အဖူးကျန်စွာ ပွင့်ဖို့ စောင့်မျှော်နေကြပါတယ်... သင်္ကြန်အကြိုနေ့ထက် ရေကစားသူများနဲ့ ရေပက်ခံကား များအပြင် DJ ကြောင့် မဏ္ဍပ်ရှေ့ ကခုန်သူများနဲ့ အတော်လေးကို စည်ကားခဲ့ပါတယ်... အစကတော့ မဏ္ဍပ်နည်းလို့ သိပ်မစည်လောက်ဘူးထင်ခဲ့ပေမယ့် T-Home မဏ္ဍပ်လဲ ရှိတာကြောင့် ၆လမ်းသွားလုံး လမ်းတွေ ပိတ်နေအောင် ကားတွေ ပြည့်နေခဲ့ပါတယ်... Sunblock မလိမ်းဘဲ လောလော လောလောထွက်ခဲ့တဲ့ အကျိုးကြောင့် မနက်တပိုင်းနဲ့တင် မျက်နှာ တခုလုံးစပ်ပြီး နီရဲပြီး အသားတွေ မည်းစပြုလာပြီမို့ နေ့လည်လောက်မှာ အိမ်ပြန်ပြီ Sunblock ပြန်လူးခဲ့ရပါတယ်... ညနေ ၅ နာရီခွဲမှာ အိမ်ပြန်ခဲ့ပြီး သင်္ကြန်အကျနေ့လေးကို ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ပါတယ်...

သင်္ကြန်အကြတ်နေ့ (၁၅.၄.၂၀၁၀)
ဒီနေ့ကတော့ သင်္ကြန်ကျတာ သုံးရက်မြောက်နေ့မို့ သင်္ကြန်ပိုးအရှိန်လဲ အတော်လေး တက်နေကြပါပြီ... မနက်မိုးလင်းထဲက ရေပက်ခံကားတွေ ထွက်ကြတာ တွေ့ရပါတယ်... မနေ့က Sunblock မလူးဘဲ အပြင်ထွက်ခြင်းကြောင့် မျက်နှာတခုလုံး နေလောင်ခံ ထားရတာကြောင့် နေရိပ်တဲ့အချိန်ပဲ သွားဆော့ဖို့ စီစဉ်ထားတာကြောင့် မနက်ပိုင်း အိမ်မှာ လုပ်စရာရှိတာလေးတွေ လက်စသတ်ရပါတယ်... နေ့လည်လောက်ကျတော့ သူလာ ခေါ်တာနဲ့ ကန်တော်ကြီးကို လိုက်ပြမယ်ဆိုလို့ ကန်တော်ကြီးကို ရောက်ခဲ့ပါတယ်... ရေပက်ခံ ကားတွေ တန်းစီနေတာကြောင့် ရေပက်ဖို့ နောက်ကျမှာစိုးလို့ လမ်းထဲ မ၀င်နဲ့တော့ ဘာမှလဲ ရှိမှာမဟုတ်ဘူး ရေပက်တာပါပဲ ကားဝင်ပြီး ပြန်ထွက်ရမှာ မဟုတ်ဘူးဆိုပြီး ပြည်လမ်းကို ထွက်လာခဲ့ကြပါတယ်... 
ပြည်လမ်းမှတဆင့် ကမ္ဘာအေးဘုရားလမ်းက မဏ္ဍပ်ကို ၃နာရီခွဲလောက်မှာ ရောက်သွားခဲ့ ပါတယ်... ရေကစားနေရင်း သိပ်မကြာခင်မှာပဲ ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့မှာ ဗုံးပေါက်တယ် ကြားတယ်... ခုဘယ်ရောက်နေကြလဲ စိတ်ပူလို့ လှမ်းဆက်တာဆိုပြီး ဖုန်းမိုး တွေ ရွာချလာပါတော့တယ်... မဏ္ဍပ်ထဲက ရေကစားတဲ့ သူတွေလည်း သတင်းရကြတာနဲ့ တချို့ ပြန်သွားကြပါတယ်... တဆက်တည်း ကန်တော်ကြီးမှာ မဏ္ဍပ်ထိုင်မယ်လို့ ပြောကြတဲ့ ဘလော့မောင်နှမတွေ ဖြစ်တဲ့ တေလေဖိုးဂျယ်နဲ့ သူငယ်ချင်းအချို့အတွက် စိုးရိမ်ခဲ့ပေမယ့် သူတို့ မဏ္ဍပ်က X2O မဟုတ်တာကြောင့် စိတ်သက်သာရာရခဲ့ပါတယ်... မီးလေးတို့ ရေကစားတဲ့ မဏ္ဍပ်ကလည်း ညနေ၅ခွဲမှာ ပိတ်လိုက်ကြပါတယ်... ညနေ သူငယ်ချင်း တယောက်အိမ် ထမင်းစားဖိတ်ထားလို့ ထမင်းဝင်စားကြပါတယ်... ထမင်းစားပြီးချိန်မှာ သတင်းမှာ ဗုံးပေါက်တဲ့သတင်း ပြနေတာကို ကြည့်ပြီး ဒေါသဖြစ်ခြင်းနှင့်အတူ သေဆုံး သွားကြတဲ့သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲခဲ့ရပါတယ်... ဒဏ်ရာရသူ တွေလည်း များတာကြောင့် အတော်လေးလဲ စိတ်ထိခိုက် ကြေကွဲခဲ့ရပါတယ်... 
မြန်မာ့အသံမှာ ကြေညာတာက သေဆုံးသူ ၈ဦးနှင့် ဒဏ်ရာရသူ အယောက် ၇၀လို့ သိခဲ့ရပါတယ်... ဘာမှ မလုပ်နိုင်တဲ့ ပြည်သူတွေကြားမှာ ဘာလို့ လုပ်ခဲ့ကြတာလဲ ဗုံးဖောက်တဲ့သူဟာ လူမှ ဟုတ်ရဲ့လားလို့လဲ ပြန်တွေးမိပါတယ်... ပြီးတော့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကိုလည်း သွေးစွန်းပြီး ရုပ်ဆိုး အကျဉ်းတန်အောင် လုပ်ခဲ့တဲ့ သူတွေကို အတော်လေး ရွံမုန်းမိပါတယ်... သင်္ကြန်မှာ အများစုက တနှစ်လုံး စိတ်ပင်ပန်းလာသမျှတွေကို စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ကြတဲ့ ပွဲလဲ ဖြစ်ပါတယ်... ဘာရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ် ခံရတာ အပြစ်မဲ့ ပြည်သူတွေပဲ မဟုတ်ပါလား... သေတဲ့သူမှာပဲဖြစ်ဖြစ်၊ ဒဏ်ရာရသွားတဲ့ သူတွေ ထဲမှာပဲဖြစ်ဖြစ် သူတို့ရဲ့ သွေးသားရင်းချာတွေ ပါသွားကြည့်ပါလား သူတို့ ဘယ်လို ခံစားရမလဲ... တိရစ္ဆာန်တွေလောက်တောင် ဦးနှောက်မရှိတဲ့သူတွေက လူဖြစ်ဖို့ကော ထိုက်တန်ပါရဲ့လား... မီးလေးအတွက်တော့ ၂၀၁၀ သင်္ကြန်ဟာ သွေးပျက်ခြောက်ခြားဖွယ် မေ့မရတဲ့ သင်္ကြန်ဖြစ်ခဲ့ပါတယ်...
အိမ်ပြန်ရောက်တော့ ကွန်ပျူတာဖွင့်ပြီး အင်တာနက်မှာ သတင်းတွေ ရှာခဲ့ပါတယ်... ကံအား လျော်စွာ ကိုညီလင်းဆက်ဘလော့မှာ တင်ထားတဲ့ သတင်းကို ဖတ်ခဲ့ရပါတယ်... ဒီနှစ် သင်္ကြန်အကြတ်နေ့ကတော့ စိတ်မကောင်းခြင်း၊ ၀မ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်းတွေနဲ့ ကုန်လွန်ခဲ့ရပါတယ်...

သင်္ကြန်အတက်နေ့ (၁၅.၄.၂၀၁၀)
ဒီနေ့တော့ မဏ္ဍပ်ကို ၉နာရီလောက် ထွက်လာဖြစ်ခဲ့ပါတယ်... အရင်ရက်တွေက လမ်းထိပ် ထွက်လိုက်တာနဲ့ ရေပက်ခံကားတွေနဲ့ ရှုပ်ယှက်ခတ်နေခဲ့ပေမယ့် ဒီနေ့မှာတော့ လမ်းပေါ်မှာ ကားတွေ ရှင်းနေခဲ့ပါတယ်... မဏ္ဍပ်ရောက်တော့ ဖွင့်မယ် မဖွင့်ဘူးနဲ့ မဏ္ဍပ်တာဝန်ခံတွေ အစည်းအဝေး ထိုင်နေကြတာကြောင့် စောင့်နေကြရပါတယ်... ရေကစားမယ့်သူအချို့လဲ ရောက်နှင့်လို့ လာကြပါပြီ မီးလေးအပါအ၀င် ၁၀ရောက်ကျော်ကျော်လောက် ရှိပါတယ်... 
မနက် ၁၀နာရီပတ်ဝန်းကျင်လောက်မှာ မဏ္ဍပ်ဖွင့်ဖို့ ဆုံးဖြတ်ကြပြီး မဏ္ဍပ်ဖွင့်ခဲ့ပါတယ်... အစကတည်းက မနက်ပိုင်း ဆော့ဖို့ အစီစဉ် မရှိတာကြောင့် သူများတွေ ဆော့တာ ထိုင်ကြည့်ဖြစ်ခဲ့ပါတယ်... ဒါပေမဲ့ သင်္ကြန်အပျော်တွေအားလုံး အကြတ်နေ့နဲ့အတူ မျောပါ သွားခဲ့ပါပြီ... မီးလေးမှ မဟုတ်ပါဘူး လူတော်တော်များများ အပါအ၀င်ပေါ့ ပိုက်ဆံ ပေးထားရတာကြောင့် ရေလာကစားကြတဲ့သူရှိသလို မိဘတွေက မလွတ်တော့တာကြောင့် အရင်ရက်က ရေကစားကြတဲ့သူ ၃၀၀နီးပါးရှိခဲ့ပေမဲ့ အတက်နေ့မှာ ၁၀၀စွန်းစွန်းသာ လာကစားကြပြီး မဏ္ဍပ်တိုင်းနီးပါး ရေကစားတဲ့သူတွေ နည်းပါးခဲ့ပါတယ်... ရေပက်ခံထွက်တဲ့ ကားတွေကလည်း အကြိုနေ့လောက်တောင် မစည်တော့ဘဲ ခြောက်ကပ်နေခဲ့ပါတယ်...
လူအားလုံးက စိတ်လွတ်လက်လွတ် မပျော်ရွှင်ကြရဘဲ စိုးရိမ်ခြင်း၊ ထိတ်လန့်ခြင်း၊ တွေဝေခြင်းပေါင်းများစွာ မျက်နှာပေါ်မှာ တွေ့နေရပါတယ်... သင်္ကြန်အတက်နေ့ ဆိုပေမဲ့ ခြောက်ကပ်လို့ နေပါတော့တယ်...
နေ့လည်ပိုင်းလောက်မှာ ဒဏ်ရာရ လူနာတွေ ၁၇၀ရှိကြောင်း နောက်တိုးသတင်း သိခဲ့ရပါတယ်... လူပေါင်း ၁၇၀ဆိုတာ နည်းတာမှ မဟုတ်ဘဲ သူတို့အတွက် ဆေး၊ ဆရာဝန်မှ လုံလောက်ပါ့မလားလို့ စိုးရိမ်ခဲ့ရပါတယ်... စိုးရိမ်သော်ငြား ကိုယ်ကမှ ဘာမှ မတတ်နိုင်တာ သက်ပြင်းသာ ခါခါချရုံမှ လွဲ၍ မတတ်သာပြီ... နေ့လည်၁နာရီလောက်မှာ သူငယ်ချင်း တယောက်ထံ ဖုန်းဝင်လာပါတယ်... ဒဏ်ရာရလူနာတွေအတွက် A, AB နဲ့ Oသွေး အလုံး ၇၀လောက်လိုတယ် ရှာပေးနိုင်မလားလို့ မေးပါတယ်... မီးလေးလည်း မျက်စိထဲ ပြေးမြင်လိုက်တာက Raven Blood Donor Club ပါပဲ ကိုယ်ကလည်း B သွေးဖြစ်နေတော့ မလှူပေးနိုင် ဒါနဲ့ ကိုဘိုဝဆီ ဖုန်းဆက်ပြီးမေးတော့ ဖုန်းနံပါတ် အလွတ်မရဘူး ကိုညီလင်းဆက် ဘလော့မှာ ရေးထားတယ် ဆိုတော့ လူက အွန်လိုင်းမှာ မဟုတ်ပြန်တော့ ကိုညီလင်းဆက်ဆီ ဖုန်းဆက်တော့လည်း ဖုန်းက မကိုင်၊ ဒါနဲ့ ကိုဖိုးသူတော်ဆီ ဆက်ပြန်တော့ အိမ်မှာ မရှိနဲ့ အတော်လေး ပတ်ချာရိုက်ခဲ့ရပါတယ်...
ကံကောင်းထောက်မစွာ သူငယ်ချင်းတယောက်နဲ့ ချိတ်မိပြီး Raven ရဲ့ ဆိုဒ်လင့်ပေးပြီး ဖုန်းနံပါတ်ရှာခိုင်းခဲ့ပြီး ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်... သွေးလိုတယ် ပြောတဲ့သူကို ဖုန်းနံပါတ် ပေးပြီးတဲ့ နောက်ပိုင်းကိစ္စတွေတော့ သေချာမသိတော့ပါ... ညနေပိုင်းမှာ ခဏရေကစားပြီး ညနေ ၅နာရီခွဲမှာ မဏ္ဍပ်သိမ်းပြီး ၇နာရီခွဲမှာ အိမ်ပြန်ရောက်ခဲ့ပါတယ်... မီးလေးအတွက်တော့ ဒီနှစ် ၂၀၁၀သင်္ကြန်ဟာ အတိတ်ဆိုးနဲ့ ကျန်နေမဲ့ သွေးစွန်းခဲ့တဲ့ ရိုးရာသင်္ကြန်အဖြစ် ထင်ကျန်ရစ်မယ့် သင်္ကြန်ဖြစ်ခဲ့ရပါတယ်... 

မြန်မာသက္ကရာဇ် ၁၃၇၁ခုနှစ် ကုန်ဆုံးရင်း ၁၃၇၂ခုနှစ် နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ခြင်း နှင့်အတူ ဒီလို ဖြစ်ရပ်ဆိုးတွေ ရပ်တန့်သွားပါစေလို့ ဆုတောင်းရင်း ...

Sunday, April 11, 2010

နီးလာပြီ ဖြစ်တဲ့ မင်္ဂလာရက်မြတ်...

ခုတလော မီးလေးတယောက် သူများဘလော့တွေ လည်ဖို့ မပြောနဲ့ ကိုယ့်ဘလော့ကိုယ်တောင် မရောက်တာ အတော်ကြာနေပါပြီ... မရောက်ဆို ကျောင်းကိစ္စတွေနဲ့ မီးလေးရဲ့ လက်တွဲဖော်နဲ့အတူ ဘ၀သစ်တခု ထူထောင်ဖို့ အတွက် လိုက်စီစဉ်နေရတဲ့ အတွက်လဲ ပါပါတယ်... မီးလေးရဲ့ လက်တွဲဖော်နဲ့ ချစ်သူသက်တမ်း ၄နှစ်မှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်... မီးလေးတို့ နှစ်ယောက်က အမြဲတမ်း စိတ်တူကိုယ်တူနဲ့ စဉ်းစားတွေးခေါ်မှုတွေက အမြဲ ထပ်တူညီခဲ့ကြပါတယ်... ခုဆို မီးလေးတို့ ချစ်သူသက်တမ်း ၄နှစ်နဲ့ ၄လရှိခဲ့ပါပြီ... ခုချိန်ထိ မီးလေးတို့ ပြဿနာအကြီးအကျယ် မရှိခဲ့ကြပါဘူး... သူများတွေလို ရန်လဲ မဖြစ်ခဲ့ဖူးပါဘူး... မီးလေးတို့ တယောက်နဲ့ တယောက် နားလည်မှု အပြည့်အ၀ရှိတဲ့အတွက် ရေရှည်လက်တွဲရမည့် ဘ၀လက်တွဲဖော် အဖြစ် လက်တွဲဖို့ ဆုံးဖြတ်လိုက်တဲ့ နေ့ကစလို့ အလုပ်တွေ ရှုပ်တော့တာပါပဲ... ပင်ပန်းပေမဲ့လည်း ပျော်ရွှင်နေကြပါတယ်...
ဒီဇင်ဘာလ၊ ၂၆ရက်၊ ၂၀၀၉ခုနှစ်မှာ နှစ်ဖက်မိဘများနဲ့ ဆွေမျိုးများ ရှေ့မှောက်မှာ စေ့စပ်ကြောင်းလမ်းပွဲလေး လုပ်ခဲ့ကြပါတယ်... ခု ဧပြီလ ၂၂ရက်နေ့မှာတော့ လက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦး ဆွမ်းကျွေးအလှူ ပြုလုပ်မှာ ဖြစ်ပြီး မေလ ၁၅ရက်နေ့မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပမှာဖြစ်ပါတယ်...
နောက် ၁၀ရက်ဆို မီးလေးဟာ Single မှ အိမ်ထောင်ရှင်ဘ၀ကို ချစ်ခင်လေးစားရတဲ့ လက်တွဲဖော်နဲ့အတူ လျှောက်လှမ်းရမှာ ဖြစ်ပါတယ်... မင်္ဂလာနေ့ရက် နီးလာလေ ပျော်ရွှင်ခြင်း၊ ရင်ခုန်ခြင်းနှင့်အတူ စိုးရိမ်စိတ်တွေလည်း များနေရပါတယ်... အဆင်ပြေပြေနဲ့ ကိုယ်စီစဉ်ထားသလို ဖြစ်ပါ့မလားဆိုပြီး နှစ်ဦးစလုံး သောကများနေရပါတယ်...
မင်္ဂလာပွဲအတွက် လွန်ခဲ့တဲ့ လေးလလောက် ကတည်းက Plan ချပြီး လုပ်ခဲ့ကြလို့ အခုဆိုရင် စီစဉ်စရာ အနည်းငယ်ပဲ ကျန်တဲ့အတွက် တပိုင်းတော့ ခေါင်းအေးရပါတယ်... ဒီနေ့ မင်္ဂလာဧည့်ခံပွဲအတွက် ဖိတ်စာတွေလည်း လက်ထဲရောက်နေပါပြီ... ကြည်နူးပျော်ရွှင်စွာ နေ့ရက်များဆီသို့ မှန်းမျှော်ရင်း...

Wednesday, February 24, 2010

ကလေးအဖေ

အိမ်ထောင်သက် နှစ်၅၀မြောက် ကျင်းပသော ပါတီပွဲ တခုတွင်ဖြစ်သည်…

ယောက်ျား            -           ဒီနေ့ဟာ တို့တွေရဲ့ အိမ်ထောင်သက်ဟာ နှစ်၅၀တိုင်ခဲ့ပြီ… တို့တွေရဲ့ အိမ့်ဆည်းလည်းတွေကလည်း ခုဆို ၇ယောက်ရှိခဲ့ကြပြီ… ထူးခြားတာ တခုက သားသမီး ၇ယောက်ထဲက တယောက်က အခြားကလေးတွေနဲ့ မျက်နှာပုံစံတခြားစီ ဖြစ်နေတယ်… ငါမေးရင် မင်း အမှန်အတိုင်းပြောမလား…

မိန်းမဖြစ်သူက ဖြေပါ့မယ်လို့ ပြောလိုက်တယ်…

ယောင်္ကျား            -           အဲ့ကလေးက တခြားတယောက်နဲ့ မွေးတဲ့ ကလေးလား…

မိန်းမဖြစ်သူက မ၀င့်မရဲနဲ့ ခေါင်းညိတ်ရှာတယ်… ယောင်္ကျားလုပ်သူက အဲ့ဒီသူက ဘယ်သူလဲ ငါသိပါရစေကွာလို့ ပြောတော့ မိန်းမဖြစ်သူ ၀မ်းနည်းကြေကွဲတဲ့ လေသံနဲ့ ပြန်ဖြေလိုက်ပုံက

မိန်းမ                  -           အဲဒီ့သူက ရှင်ဖြစ်နေလို့လေ…

တွေးပြီးမှပြုံးပါ...

Implementing and Administering a Standardized Network

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
"Implementing and Administering a Standardized Network"


သင်တန်းပို့ချမည်
 
            သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) နှင့် Assembler, Compu-Tech, M.S.T, BizNet Computer Center တို့ ပူးပေါင်းစီစဉ်မှုဖြင့် "Implementing and Administering a Standardized Network"  သင်တန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ e-Learning Center တွင် မတ်လ(၄)ရက်နေ့ မှ မတ်လ(၈)ရက်နေ့အထိ နံနက်(၉း၀၀)နာရီ မှ ညနေ(၅း၀၀) နာရီ အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။
            အဆိုပါသင်တန်းတွင် Network အခြေခံသဘောတရားများ၊ Standard များမှ အစပြုပြီး၊ အဆင့်မြင့် မျက်မှောက် နည်းပညာရပ်များ IPv6, Cat6Cabling, Hotspot, Infosecurity, WAN Technologies, Server Managements များ စာတွေ့၊လက်တွေ့ပါဝင်ပြီး MCPA စာမေးပွဲများနှင့် Network အထူးပြု Certification များဖြေဆိုရာတွင် အထောက်အကူ ရရှိပါမည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ မတ်လ (၂)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။

 


သင်တန်းဖွင့်မည့်ရက်     -   မတ်လ (၄) ရက်နေ့ မှ (၈)ရက်နေ့အထိ။

သင်တန်းအမည်           -  Implementing and Administering a Standardized Network
သင်တန်းနေရာ            -  Myanmar Info-Tech , e-Learning Center.
သင်တန်းအချိန်           -  နံနက် (၉း၀၀)နာရီ မှ (၅း၀၀)နာရီအထိ
သင်တန်းကြေး           -  ၉၀၀၀၀ ကျပ် ( သင်တန်း ၅ ရက်အတွက် နေ့လည်စာနှင့် Tea Break ပါဝင်သည်။)

                                 (မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ ၅ % Discount ပေးပါမည်။)

Tuesday, February 23, 2010

သံဝေဂ

သေရွာကာလ၊ ရောက်ကြသောအခါ
ကိုယ့်နောက်ကိုကား၊ ဘာများပါမှာ
ပစ္စည်းစုစု၊ တစ်ခုမပါ
ကိုယ်ပြုထား ကံများပါမည်သာ။

အထုပ်ကလေး တစ်ပြင်ပြင်
ကိုယ့်နောက်ပါမည်ထင်
အထုပ်ရှင် သေလို့သွား
ကျန်တဲ့သူတွေ ဝေလို့စား
အထုပ်ရှင်မှာ အလကား
ဘာကမှလည်း ပါမသွား
သေရွာကျတော့ အပါယ်လား
နိဗ္ဗာန်ရောက်ဖို့ အခက်သား။  ။
(တိပိဋကဓရဆရာတော် ဦးကောသလ္လ)

မှတ်ချက် - မေတ္တာရှင်(ရွှေပြည်သာ)၏ ထေရ၀ါဒမှတ်ကျောက် စာအုပ်မှ ကြိုက်နှစ်သက်သော သံဝေဂလင်္ကာ

Saturday, January 30, 2010

လက်မထပ်ခင် သွေးစစ်ပါ...

“လရိပ်... နင့်ကောင်လေးကို ယမင်း မနေ့က ကလပ်တစ်ခုက ထွက်လာတာ တွေ့လိုက်တယ်”
“ဟင်... ဟုတ်လို့လား၊ ယမင်း လူမှားတာ နေပါလိမ့်မယ်...”
“လရိပ်... နင် နင့်ကောင်လေးကို ယုံလွန်းအားကြီးတယ်ဟာ၊ ယမင်းမှ မဟုတ်ဘူး ဆွေနဲ့လည်း ဆုံဖူးတယ်... သူကတော့ ဆွေ့ကို မမြင်ဘူး... ကောင်မလေးတစ်ယောက်နဲ့ ပျော်လို့ မြူးလို့...”
“နင်တို့တွေပြောတာ ဟုတ်ရော ဟုတ်ရဲ့လား...”
“အော်... တကယ်ပါဆိုမှ နင်တို့က ယူကြတော့မှာ HIV လေး ဘာလေး စစ်ကြည့်ဦး...”

ကျွန်မ သူငယ်ချင်းတွေ ပြန်သွားကြပေမဲ့ သူတို့ ပြောသမျှ စကားအခွန်းတိုင်း အခွန်းတိုင်း ကျွန်မနားက မထွက်ပါဘူး... အိပ်ယာပေါ်မှာ လူးလှိမ့်နေခဲ့ပေမဲ့ တညလုံး အိပ်မပျော်ခဲ့ပါဘူး...  ကျွန်မတို့ရဲ့ မင်္ဂလာဆောင်ကလည်း နီးကပ်နေပြီမို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး... ကျွန်မ ၀မ်းအနည်းဆုံးက မောင် ကျွန်မအပေါ် သစ္စာဖောက်ခြင်းပါပဲ... မောင်က ကျွန်မနဲ့ မတွဲခင် ခြေရှုပ်ခဲ့တာကို သိပေမဲ့ ကျွန်မနဲ့ တွဲပြီးနောက်ပိုင်း ခြေမရှုပ်တော့ပါဘူးလို့ ကတိပေးထားခဲ့ဖူးပါတယ်... ကျွန်မ မောင့်ကို စိတ်သန့်သန့်နဲ့ ချစ်နိုင်ပေမဲ့ သူ့မှာ HIV ပိုး ရှိနေမှာ ကြောက်နေမိတယ်... ဆွေပြောသလို သူ့ကို သွေးပဲ သွားစစ်ခိုင်းရမလားဆိုတာ ဝေခွဲမရသေးပါဘူး... အတွေးတွေနဲ့တင် မနက်မိုးလင်းခဲ့ပါတယ်...

“သမီး လရိပ်ရေ အောက်မှာ မောင်ဝဏ္ဏရောက်နေတယ်...”
“ဟုတ်ကဲ့ ... မေမေ”

ကမန်းကတန်း အင်္ကျီလဲပြီး အိမ်အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်...

“မောင်. ကျွန်မနဲ့ အပြင်ခဏလိုက်ခဲ့ပေးပါ...”
“အိုခေ မောင်လိုက်ပို့ပေးမယ်၊ လရိပ် ဘယ်သွားမလဲ...”
“စကားအေးဆေးပြောလို့ ရမယ့် တစ်နေရာပေါ့..”
“အင်း သွားကြတာပေါ့...”

အိမ်ကထွက်လာတဲ့ အချိန်ကနေ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။  တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သူကတော့...

“ခုတလော မောင် အရမ်းအလုပ်တွေ ရှုပ်နေလို့ ချစ်ဆီတောင် မရောက်ဖြစ်ဘူး... မောင် မလာလို့ မောင့်ကို စိတ်ကောက်နေတာလား...”

ကျွန်မ ဘာမှ ပြန်မဖြေဖြစ်၊ ကျွန်မက အဲ့လောက် သဘောထား သေးသိမ်တဲ့ သူမှ မဟုတ်ဘဲ မောင်ဘာကြောင့် ကျွန်မကို လိမ်နေရတာလဲ။ မောင် တခြားကောင်မလေးတွေနဲ့ တွဲနေတယ် ဆိုတာထက် ကျွန်မကို လိမ်ပြောခြင်းကို ပိုပြီး စိတ်တိုမိတယ်။ မောင့်ကို ကျွန်မ ဘယ်လောက်ထိ ချစ်တယ်ဆိုတာ မောင်အသိ။ မောင့်ကို ဘယ်သူနဲ့တွဲနေနေ ကျွန်မကို ပေးသိပါ၊ ကျွန်မ နားလည်ပေးနိုင်ပါတယ်လို့ ပြောထားပါလျက် ကျွန်မကို လိမ်တာ ကျွန်မ ဘယ်လောက်ထိ ခံစားရသလဲ မောင် နားလည်နိုင်မှာ မဟုတ်ပါဘူးလေ။

“သေချာပြီ မောင့်ကို စိတ်ကောက်နေတာ မဟုတ်လား...”
“မောင် ကျွန်မ စိတ်ကောက်ရအောင် ကလေးမဟုတ်ဘူး...”

ကျွန်မအသံ အတော်လေး မာသွားတယ်ထင်တယ်၊ မောင်က ကျွန်မကို ကြောင်ပြီး ငေးကြည့်နေတယ်။

“မောင် ဒီရက်ပိုင်း ဘာတွေလုပ်နေတယ်ဆိုတာ မောင် မပြောပေမဲ့ လရိပ်သိနေတယ်... မောင်ဘာလုပ်လုပ် ကျွန်မ နားလည်ခွင့်လွှတ်တတ်အောင် ကျွန်မ ကြိုးစားနေခဲ့တယ်... မောင် ဘယ်သူတွေနဲ့ ဘယ်နှယောက်တွဲတွဲ ကျွန်မသည်းခံနိုင်တယ်... ဒါပေမဲ့ မောင် စည်းမစောင့်ခဲ့ဘူး... ခုတော့ သူများတွေပြောမှ သိရတယ်... နောက်ဆုံး ကုန်ကုန်ပြောမယ်  မောင်လူပျိုမဟုတ်တော့ဘူးဆိုတာကအစ ကျွန်မသိပြီးပြီ... ကျွန်မတို့ မင်္ဂလာပွဲကလည်း နီးနေပြီ ကျွန်မဘာလုပ်သင့်လဲ... ပြောပါဦး... ပြောဦးလေ မောင် ခုကျတော့ မောင့်ပါးစပ်က ဘာလို့ ပိတ်နေရတာလဲ...”
“မောင် မှားခဲ့တယ်ဆိုတာကို ၀န်ခံပါတယ်... ဒါပေမဲ့ ချစ်ကို ဘယ်လောက်ထိချစ်တယ်ဆိုတာ ချစ်အသိဆုံးပါ... မောင် ချစ်နဲ့ မခွဲနိုင်လို့လဲ လက်ထပ်ဖို့ အထိ ဖြစ်လာခဲ့တာပေါ့... မောင် ဘယ်သူတွေနဲ့ပဲ တွဲခဲ့ တွဲခဲ့ ချစ်တစ်ယောက်တည်းကိုပဲ နှလုံးသားနဲ့ ရင်းပြီးချစ်ခဲ့တာပါ... မောင် နောက်ဘယ်သူနဲ့မှ မပတ်သက်ဘဲ နေပါတော့မယ်... မောင့်ကို နောက်ဆုံးအနေနဲ့ အခွင့်အရေးတခါတော့ ပေးပါနော်... မောင် တောင်းပန်ပါတယ် ချစ်ရယ်... မောင် ချစ်ကို တကယ်ချစ်တာပါ...”

မောင်က ပြောရင်းနဲ့ ကျွန်မလက်ကလေးကို ညင်သာစွာ ဆုတ်ကိုင်လိုက်ချိန်မှာတော့ မျက်ဝန်းမှာ မိုးရွာခဲ့ရပါပြီ...

“ချစ် ဘယ်သွားချင်လဲ မောင်လိုက်ပို့ပေးမယ်လေ...”

“ကျွန်မ ဘယ်မှ မသွားချင်ဘူး မောင်၊ ကျွန်မကို ဆွေတို့အိမ်ပဲ လိုက်ပို့ပေးပါ... ကျွန်မ ဆွေတို့အိမ်ကနေပဲ ပြန်လိုက်မယ်...”

မောင် ကျွန်မကို ဆွေတို့အိမ် လိုက်ပို့ပေးပြီး ပြန်သွားတော့ ကျွန်မလည်း ဆွေတို့နေရာ တိုက်ခန်းပေါ်သို့ တက်လာခဲ့လေသည်။ ကျွန်မရဲ့ ခြေလှမ်းတွေကတော့ လေးလံနေဆဲ...

“ဟော...လရိပ်ပါလား လာ လာ...”
“လရိပ် ကိစ္စရှိလို့လား... သက်သက် အလည်ပဲလား...”
“ဆွေနဲ့ တိုင်ပင်စရာရှိလို့...”
“မေမေ... လရိပ်နဲ့ အခန်းထဲ သွားစကားပြောလိုက်ဦးမယ်...”
“အေး..အေး သမီးလရိပ် ထမင်းစားပြီးမှ ပြန်နော်...”
“ဟုတ်ကဲ့ အန်တီ၊ အန်တီ လက်ရာတောင် မစားရတာ ကြာပြီ...”
“အေးပါ... ကဲကဲ သူငယ်ချင်းတွေ အေးအေးဆေးဆေး စကားပြောကြဦး...”
“ကဲ ဆိုပါဦး..”
“ဆွေ လရိပ်ဘာလုပ်ရမှန်း မသိတော့ဘူး”
“ဘာကိစ္စနဲ့ ပတ်သက်လို့လဲ”
“မောင့်ကိစ္စပေါ့...”
“လရိပ်က ဘယ်လိုဖြစ်ချင်ပြီး ဘာလုပ်ချင်လို့လဲ... ဆွေ ဘာလုပ်ပေးရမလဲ...”
“လရိပ်စိုးရိမ်နေတယ် ဆွေရယ်... မောင်တွဲခဲ့တဲ့ သူတွေက CSWတွေ ဆိုတာလည်း သိရဲ့နဲ့... မောင့်မှာ သူတို့တွေဆီက ပိုးတွေကူးလာမှာ ကြောက်နေမိတယ်ဟ...”
“အဲ့တော့ လရိပ်က သွေးစစ်ကြည့်ချင်တယ် ဆိုပါတော့...”
“အင်း ဟုတ်တယ်... ဒါပေမဲ့ မောင့်ကိုလဲ ပြောမထွက်ဘူး...”
“ဒါဆို ဆွေ မေးမယ်နော်... လရိပ်စဉ်းစားပြီးမှ ဖြေနော်...”
“အင်း”

“သွေးစစ်လို့ HIV ပိုး တွေ့ခဲ့မယ် ဆိုရင် လရိပ်ဘာလုပ်မယ် စဉ်းစားလဲ...”
“မောင့်မှာသာ အဲ့ရောဂါပိုး ရှိမယ်ဆိုရင်တော့ လက်ထပ်ဖို့ကို ဖျက်သိမ်းရမှာပေါ့...”
“လရိပ်... သူငယ်ချင်း ဘယ်လောက်ခံစားနေရတယ် ဆိုတာကို ဆွေနားလည်ပါတယ်... HIV ပိုး စစ်တာနဲ့ ပတ်သက်ပြီး ဆွေသိသလောက် ပြောပြမယ်... လရိပ်သေချာ စဉ်းစားကြည့်ပေါ့... HIVပိုးတွေ့ရင် လမ်းခွဲမယ်လို့ စဉ်းစားထားရင် မစစ်ဘဲနဲ့ လမ်းခွဲလိုက်တာက ပိုသင့်တော်မယ်လို့ ဆွေတော့ထင်တယ်... လရိပ်လည်း သိပြီးသားနေမှာပါ... လက်မထပ်ခင် သွေးစစ်ပါဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်လေးလေ... အဲ့ဒါက HIVပိုးတွေ့ရင် ချစ်သူရည်းစားတွေ လမ်းခွဲဖို့ မဟုတ်ဘူး လရိပ်... ကိုယ်သာ တကယ်ချစ်ရင် သူဘာကြီးပဲ ဖြစ်နေနေ မျှဝေခံစားကြမှာပဲလေ...”

“ဆွေ ပြောတာ လရိပ်မရှင်းဘူး... ဒါဆို ဘာလို့ သွေးစစ်ခိုင်းရတာလဲ...”
“အဲ့ဒီရဲ့ နောက်ဆက်တွဲ ဆောင်ပုဒ်လေးတွေ ရှိသေးတယ် လရိပ်ရဲ့... သွေးမစစ်ခင် နှစ်သိမ့်ဆွေးနွေးမှု ခံယူပါ ဆိုတဲ့ ကဏ္ဏလေးပဲ... လရိပ်တို့ နှစ်ယောက်စစ်မယ် ဆိုရင် တစ်ယောက်ချင်းစီ နှစ်သိမ့်ဆွေးနွေးမှုခံယူပြီးမှ သွေးစစ်ရတယ်... သွေးအဖြေယူတဲ့အခါမှာလဲ တစ်ယောက်ချင်းစီ နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီးမှ သွေးအဖြေပေးတယ်... ပြီးတော့ နှစ်ယောက်လုံး နှစ်သိမ့်ဆွေးနွေးမှုခံယူရတယ်...”

“နှစ်သိမ့်ဆွေးနွေးမှုခံယူတယ်ဆိုတာက ဘာတွေပြောတာလဲဟင်...”
“ပြောတယ်ဆိုတာထက် သွေးစစ်မဲ့သူရဲ့ အကြောင်းတွေကို နားထောင်ပေးတယ်... ပြီးတော့ HIV အကြောင်း ဘယ်လောက်သိလဲ မေးတယ်... မသိသေးရင် ပြောပြတယ်၊ သိပြီးသားဆိုရင်တော့ လိုအပ်တာလေးတွေ ဖြည့်စွက် ပြောတယ်... သွေးအဖြေကို ဘာပဲဖြစ်ဖြစ် ခံနိုင်ရည်ရှိတဲ့ အခြေအနေရှိမှ သွေးစစ်ပေးတယ်... ကိုယ်က သွေးအဖြေအပေါ် ခံနိုင်ရည်မရှိသေးရင် နှစ်ကြိမ် သုံးကြိမ် လိုအပ်ရင် လိုအပ်သလို နှစ်သိမ့်ဆွေးနွေးမှု ခံယူရတယ်... ကိုယ်က HIVပိုး ကူးနိုင်တဲ့ အမူအကျင့်တွေ ရှိခဲ့မယ်ဆိုရင် မကူးစက်နိုင်အောင် ဆောင်ရန် ရှောင်ရန်တွေကိုပြောပြတယ်... ဥပမာကွာ ယောင်္ကျားလေးမှာ HIV ပိုး ရှိနေတယ် ဆိုပါစို့... တစ်ဖက်သားက မပြောရင် ကိုယ်မှ မသိနိုင်တာပဲလေ... ကိုယ်နဲ့ လက်တွဲရမယ့် ဘ၀လက်တွဲဖော်မှာ HIV ပိုးရှိနေတာကို လက်မခံနိုင်တဲ့ သူတွေဆိုရင်တော့ ကာယကံရှင်က လွဲပြီး တခြားသူကို ပေးမသိဘဲ ထားလိုက်ရတာတွေရှိတယ်... ဒါပေမဲ့ ကိုယ့်လက်တွဲဖော်ကို မကူးစက်နိုင်အောင် ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာတွေကို သူတို့ကို သေချာရှင်းပြပေးရတာတွေရှိတယ်... အတူနေတာ ကလေးယူတာတွေက အစပေါ့... တစ်ယောက်ယောက်မှာ HIVရှိရင် ကလေးမယူတာက ပိုသင့်တော်တယ်လေ... ကလေးယူဖို့အတွက် နောက်တစ်ယောက်ကလည်း ကူးစက်မှုခံရနိုင်သလို မွေးလာမဲ့ ကလေးမှာလဲ ကူးစက်ခံရနိုင်တာမို့လေ.... တချို့ကတော့ ခံနိုင်ရည်ရှိတဲ့အတွက် နှစ်ယောက်လုံး တိုင်တိုင်ပင်ပင်နဲ့ ဘ၀ခရီးကို ဖြတ်သန်းကြတဲ့ သူတွေလည်း ရှိပါတယ်... လက်မထပ်ခင် သွေးစစ်ပါဆိုတဲ့ ကောင်းကျိုးက ကိုယ်တိုင်သိရှိနားလည်ပြီး ဆောင်ရန် ရှောင်ရန်တွေ သတိထားဖို့လေ... အဲ့ဒါကို သွေးစစ်လို့ HIVပိုး ရှိခဲ့ရင် လမ်းခွဲမယ်ဆိုတဲ့ လူတွေက ၁၀ယောက်မှာ ၈ယောက်လို့ ရှိကြတယ်... ဒါကြောင့်လည်း နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီးမှ သွေးစစ်သင့်တယ်လို ပြောကြတာပေါ့... လူတစ်ယောက်မှာ HIVပိုးရှိလို့ လူ့လောက အသိုင်းအ၀ိုင်းထဲက ဖယ်ထုတ်တယ်ဆိုတာ အရမ်းကို ခေတ်နောက်ကျနေပြီ...”

“လရိပ် သဘောပေါက်ပါပြီ... မောင့်မှာ  HIVပိုး ရှိနေနေ မရှိနေနေ လရိပ် လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီ... မောင့်မှာ ရောဂါပိုးရှိနေခဲ့တယ် ဆိုရင်လည်း ခုနက ဆွေပြောသွားသလို ဆောင်ရန် ရှောင်ရန်တွေနဲ့ နေထိုင်သွားလို့ရတာပဲလေ... လရိပ်တို့ သွေးသွားစစ်တဲ့ နေ့ကျရင်လည်း ဆွေလိုက်ခဲ့ပေးဦးနော်... ဆွေပါတော့ အားရှိတာပေါ့...”
“ဒါပေါ့ လိုက်ပေးရမှာပေါ့ လရိပ်ရယ်...”
“သမီးတို့ရေ စကားကောင်းနေလိုက်ကြတာ ထမင်းစားချိန်ကျော်နေပြီ... ထမင်းလာစားကြဦး...”
“ဟော မေမေ လှမ်းခေါ်နေပြီ လာ ထမင်းသွားစားကြရအောင်...”

ဆွေတို့အိမ်မှာ နေ့လည်စာ စားပြီး ပြန်ထွက်လာချိန်မှာတော့ ကျွန်မရဲ့ ခန္ဓာကိုယ်တစ်ခုလုံး လွတ်လပ်ပေါ့ပါးလို့ နေပါတော့တယ်... ကျွန်မ သွေးသွားစစ်ပြီး သွေးအဖြေ ဘာပဲဖြစ်နေနေ ကျွန်မမှာ ရင်ဆိုင်နိုင်တဲ့ ခွန်အားတစ်ခုလဲ ကပ်ပါလာခဲ့ပါတယ်... ကျွန်မရဲ့ အိမ်ပြန်လမ်းမှာတော့ မောင်နဲ့ အတူ ဘ၀ခရီးလမ်း ထာဝရ ဖြတ်သန်းရမှာကို စဉ်းစားရင်း....

ဆက်၍ကြိုးစားပါဦးမည်....

ကျေးဇူးတင်လျက်....

Friday, January 8, 2010

F4 ချစ်သူများအတွက် သီချင်းများ

မီးလေး မအားတာရယ်၊ အရှုပ်တွေ လုပ်နေတာရယ်၊ စာမေးပွဲတွေရယ်ကြောင့် ကိုယ့်အိမ်တောင် ကိုယ်မ၀င်ဖြစ်တာ ကြာပါပြီ... ဒီနေ့တော့ စာမေးပွဲပြီးလို့ အွန်လိုင်းလေးတတ်တယ်ဆိုရင်ပဲ သီချင်းကောင်းကောင်း သီချင်းတောင်းဆိုသလို မီးလေး သီချင်းတွေ ကြိုက်တာ ဘယ်လိုသိတယ်မသိ မီးလေးရေ F4 (Boys Over Flowers) ဇာတ်လမ်းတွဲထဲက သီချင်းတွေလိုချင်တယ် ကူညီပါဦးတဲ့... မီးလေးတို့များ သီချင်းကြိုက်သလား မကြိုက်သလားဆို F4 သီချင်းတွေ ပေါ်ကတည်းက ဒေါင်းလုပ်ဆွဲထားတာ သူငယ်ချင်းတောင်းတာနဲ့ ကွက်တိ.... :P

ကျန်တဲ့ သီချင်းချစ်သူများလည်း နားဆင်နိုင်အောင် တင်ပေးလိုက်ပါတယ်... နားထောင်လို့ကောင်းတဲ့ ကိုရီးယား သီချင်းမြူးလေးတွေနဲ့ 2010မှာ ပြုံးပျော်နိုင်ကြပါစေ....

ကဲ သူငယ်ချင်းရေ အားရပါးရသာ ဒေါင်းပေတော့....

မူရင်းဆိုဒ်က ဒီမှာပါ... မူရင်းဆိုဒ်မှာ တခြား ကိုရီယားသီချင်းများလည်း ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်... (အဲ ကြော်ငြာဖြစ်နေပီ   :P)

ပျော်ရွှင်ချမ်းမြေ့ကြပါစေ
မီးလေး

 
Copyright 2009 Hello ! Meilay. Powered by Blogger
Blogger Templates created by Deluxe Templates
Wordpress by Wpthemescreator
Blogger Showcase